အသက်ကကြီးလာ ကျောင်းကမပြီးသေး ဘာလုပ်လို့လုပ်ရမှန်းမသိ လမ်းပျောက်နေတဲ့ လူငယ်တွေအတွက် အကြံပြုချက်(၃)ခု

အသက်ကကြီးလာ ကျောင်းကမပြီးသေး ဘာလုပ်လို့လုပ်ရမှန်းမသိ လမ်းပျောက်နေတဲ့ လူငယ်တွေအတွက် အကြံပြုချက်(၃)ခု

လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေအရ လမ်းပျောက်နေတဲ့ လူငယ်တွေအတွက် အကြံပြုချက်(၃)ခု ကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။

ဒီအချိန်မှာလူကြီးတွေထက်စာရင်လူငယ်တွေကိုပိုပြီးသနားမိတယ်။ဒီဘေးဒုက္ခကြီးမှာအားလုံးကခံစားကြရသူတွေချည်းပေမယ့်နေရာတစ်ခုရပြီးသား၊လမ်းကြောင်းတစ်ခုကိုလျှောက်နှင့်ပြီးသားလူကြီးတွေထက်စာရင်လူငယ်တွေမှာပိုပြီးလမ်းပျောက်ကြရှာတယ်။

အသက်ကကြီးလာ၊ကျောင်းကမပြီးသေး၊ဘာလုပ်လို့လုပ်ရမှန်းမသိ၊ ပုဂ္ဂလိကကျောင်းတွေတက်ဖို့ဆိုတာကလည်း ငွေရေးကြေးရေးအရမတတ်နိုင်၊တကယ့်ကို ခါးသီးတဲ့အတွေ့အကြုံပဲ။

ညီလေးတို့ ညီမလေးတို့ကို ၃ ခုအကြံပေးချင်တယ်။

အခုကစိတ်ညစ်စရာကြီးဆိုတာအမှန်ပဲ။ဒါပေမယ့်ဘယ်လောက်ပြင်းထန်တဲ့မုန်တိုင်းဖြစ်ဖြစ်အမြဲတမ်းတော့မရှိနေနိုင်ဘူးဆိုတာမှတ်ထားပါ။အတန်းပညာရေးဟာလုပ်ငန်းခွင်ထဲရောက်တဲ့အခါအရေးမပါတော့ဘူးဆိုတာကိုယ်အာမခံတယ်။

အခုချိန်မှာတော့ဘဝပျက်မတတ်ခံစားနေရမှာပဲ၊မျှော်လင့်ချက်မဲ့နေသလို၊အရာအားလုံးဆုံးရှုံးသွားရသလိုခံစားနေရမှာပဲ။ဒါပေမယ့် ဒါကအဆုံးသတ်မဟုတ်ဘူးဆိုတာကိုယ့်ကိုယ်သတိပေးပါ။လေပြေလာတဲ့အခါအဆင်သင့်ဖြစ်နေအောင်လုပ်ထားပါ။

လမ်းပျောက်နေတယ်ဆိုရင်ကိုယ် (၃) ခုအကြံပေးချင်တယ်။အသက် ၂၂ နှစ်အရွယ်ကိုယ်လမ်းပျောက်နေချိန်ဒီအချက် ၃ ချက်ကိုပဲလုပ်ပါတယ်။

၁။အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်ပိုင်နိုင်အောင် သင်ယူလေ့ကျင့်ပါ

ဘယ်ဘာသာစကားတွေဘယ်လိုပဲပေါ်ပြူလာဖြစ်ဖြစ်အင်္ဂလိပ်ဘာသာစကားကကမ္ဘာတစ်ခုလုံးကို မြင်ရနိုင်တဲ့ပြတင်းပေါက်ပါ။အင်္ဂလိပ်ဘာသာစကားတစ်ခုတည်းကောင်းကောင်းတတ်ကျွမ်းရုံနဲ့ဘယ်နေရာမဆိုဝင်ဆံ့လာလိမ့်မယ်။

ပညာသင်တဲ့နေရာ၊အလုပ်လုပ်တဲ့နေရာအင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှုကအကြီးအကျယ်ကွာခြားစေလိမ့်မယ်။ဘာသာစကားတစ်ခုပြီးတစ်ခုလိုက်တက်နေမယ့်အစားအင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်အောင်သင်ပါ။အချိန်ပေးလေ့ကျင့်ပါ။

ဒါကိုတတ်ပြီဆိုတာနဲ့ ကြိုက်တဲ့ဘာသာရပ်ကိုလေ့လာနိုင်တယ်၊ကြိုက်တဲ့အသိပညာဗဟုသုတရှာဖွေနိုင်တယ်၊အတန်းမတက်ရသေးပေမယ့်ကိုယ့်ပညာဆက်လက်သင်ကြားဖို့အတွက်ကိုယ်တိုင်လေ့လာနိုင်တယ်၊ကမ္ဘာအနှံ့ကလူတွေနဲ့ဆက်သွယ်ပြောဆိုနိုင်တယ်။

၂။ကွန်ပျူတာနဲ့ အွန်လိုင်းနည်းပညာတွေကို လေ့လာပါ

ဘယ်အလုပ်ဖြစ်ဖြစ် ကွန်ပျူတာနဲ့အွန်လိုင်းနည်းပညာတွေဟာမပါမဖြစ်ပါ။ပညာဆက်သင်တာ၊လုပ်ငန်းခွင်ဝင်တာအကုန်လုံးအတွက်အရေးပါလိမ့်မယ်။ကွန်ပျူတာနဲ့အကျွမ်းဝင်ရှိအောင်လုပ်၊အနိမ့်ဆုံး Microsoft office ဖြစ်တဲ့ Word, Powerpoint, Excel လောက်နဲ့ရင်းနှီးအောင်လုပ်ထား။Cloud နည်းပညာနဲ့ သုံးတတ်အောင်လုပ်ထား။လုံးဝအလဟဿမဖြစ်စေရဘူး။

၃။ကိုယ်ဝါသနာပါတဲ့အရာတစ်ခုကိုမူတည်ပြီး Personal brandတစ်ခုတည်ဆောက်ထားပါ

ပန်းချီဆွဲတာဝါသနာပါလား၊သီချင်းဆိုတာလား၊တူရိယာတစ်ခုခုတီးမှုတ်တတ်လား၊စက္ကူခေါက်တတ်လား၊ အင်္ကျီဒီဇိုင်းဆွဲရတာကြိုက်လား၊ပညာပေးလေးတွေရိုက်ရတာကြိုက်လား၊ပစ္စည်းအသစ်အဆန်းလေးတွေ စမ်းသပ်ကြည့်ရတာကြိုက်လား။

ကိုယ်ဝါသနာပါတာတစ်ခုခုရှိလိမ့်မယ်။အဲဒါနဲ့ပတ်သက်ပြီးကိုယ့်ကိုယ်ပိုင်ဘရန်းတစ်ခုတည်ဆောက်ထားပါ။နေ့စဉ်ရှင်သန်ဖို့အတွက်မျှော်လင့်ချက်လေးဖြစ်လာလိမ့်မယ်။ကိုယ့်ကိုစိတ်လှုပ်ရှားစေလိမ့်မယ်၊ အသုံးမကျဘူးလို့ခံစားနေရတာတွေသက်သာလိမ့်မယ်။

လူတစ်ယောက်ကနာမည်ရှိလာရင်အသံရှိလာလိမ့်မယ်။အသံရှိလာတဲ့သူတစ်ယောက်ကဘာလုပ်လုပ်ပိုလွယ်ကူတတ်တယ်။ကိုယ့်တုန်းကဘလော့တစ်ခုလုပ်တယ်။နောက်တော့ပေ့ခ်ျတစ်ခုထောင်တယ်။ ကျန်းမာရေးနဲ့ပတ်သက်တဲ့ဆောင်းပါးတွေရေးတယ်၊ကိုယ့်စိတ်ထဲပေါ်လာတာလေးတွေရေးတယ်။

အဲဒါနဲ့ အခုဒီပေ့ခ်ျဖြစ်လာတာပဲ။လမ်းပျောက်နေချိန်ဖန်တီးထားတာလေးတွေပေါ့။ အဲဒီနောက် အယ်ဒီတာအလုပ်ရတယ်။ဘယ်တုန်းကမှ ငါအယ်ဒီတာဖြစ်လာလိမ့်မယ်လို့မမျှော်လင့်ထားခဲ့ရာကနေ လမ်းကကိုယ့်အားထုတ်မှုပေါ်မူတည်ပြီးအလိုလိုပေါ်လာတာပဲ။

လူငယ်တွေခံစားနေရတာတွေကိုကိုယ်ချင်းစာတယ်။ထပ်တူမဟုတ်တောင်ဒီခံစားချက်ကြီးနဲ့ရင်းနှီးတယ်။ ဒါပေမယ့်ကိုယ်တို့ရပ်တန့်နေလို့တော့မရဘူး။အားထုတ်ချင်စိတ်သာဆက်မွေးမြူထား။လမ်းကြောင်းတွေပေါ်ကိုပေါ်လာလိမ့်မယ်။

ဘာလုပ်ရမှန်းမသိ အချိန်တွေကုန် စိတ်ဓာတ်တွေကျ လမ်းတွေပျောက်နေတဲ့ လူငယ်တွေအတွက် အထောက်အကူဖြစ်စေမယ်လို့ ထင်ပါတယ်။

Facebook Comments Box

Leave a Reply

Your email address will not be published.